Panel-Prop Early Stripping System – Formwork အကြောင်း သိကောင်းစရာ

Panel-Prop Early Stripping System – Formwork အကြောင်း သိကောင်းစရာ

RC အဆောက်အဦးတွေ ဆောက်တဲ့အခါ Column တွေ၊ Beam တွေ Slab တွေ စသည်ဖြင့် concrete လောင်းဖို့ formwork ဆင်ရပါတယ် . . .

ကျွန်တော်တို့ နိုင်ငံမှာ slab တွေအတွက်ကတော့ သစ်သားချောင်းတွေနဲ့ ဆင့်ခင်းပြီး အပေါ်က အထပ်သားပြားကပ်၊ အောက်ကလည်း သစ်သားချောင်းတွေနဲ့ပဲ ထောက်တဲ့ပုံစံ အသုံးများခဲ့ကြပါတယ် . .

သစ်သားတွေအဓိကထားသုံးကြပြီး သစ်သား အများစုက ဖြတ်တောက်ပြီး သုံးရတော့ ပြန်သုံးလို့မရဖြစ် ဒီတော့ ကုန်ကျစရိတ်များပါတယ် . . .

ခုနောက်ပိုင်းတော့ သံငြမ်းတွေ၊ သံထောက်တိုင်တွေအသုံးပြုပြီး အပေါ်က သစ်သားတွေ ဆင့်ခင်း၊ ပြီးတော့ အထပ်သားကပ် တဲ့ပုံစံတွေ၊ နောက်ပြီး တရုတ်ကလာတဲ့ “I” ပုံစံ သစ်သားချောင်းတွေဒါမှမဟုတ် Hollow pipe တွေနဲ့လည်း ခင်းကြပါတယ် . . .

ဒါတွေကတော့ အကြိမ်ကြိမ်ပြန်သုံးရတော့ အတော်လေးအဆင်ပြေပါတယ် . . Formwork ဆင်ရတဲ့အချိန်လည်း သစ်သားချည်းသုံးတာနဲ့စာရင် အချိန်ကုန်သက်သာပါတယ် . .

ဒါပေမယ့် ဒီဘယ်ပုံစံပဲဖြစ်ဖြစ် အောက်က ထောက်ရတဲ့ သံငြမ်းတွေ၊ ဒေါက်တိုင်တွေ မယိုင်အောင်၊ ဘေးဘက်ကို မကားအောင် သံပိုက်တွေနဲ့ပြန်ချုပ်ထားရတော့ အောက်ခြေဘက်မှာ အတော်လေးရှုပ်ပြီး ဝင်ထွက်သွားလာတဲ့နေရာမှာတော့ အခက်အခဲဖြစ်ရပါတယ် . . .

– – – – – – –

ခုဆိုရင် Formwork ပုံစံ နောက်တစ်မျိုး စသုံးနေပါပြီ အချို့နိုင်ငံတွေမှာ အသုံးများနေပေမယ့် မြန်မာနိုင်ငံမှာတော့ ခုမှ အစပဲရှိသေးတာပါ . . .

“Panel-Prop Early Stripping System” လို့ခေါ်ပါတယ် . . .

Flat slab formwork

အလွယ်ပြောရင်တော့ Panel-Prop System ပေါ့ . . အသုံးပြုဖို့ရာ ရှင်းပါတယ် . . Panel-Prop ဆိုတဲ့အတိုင်း Panel ရယ် Prop ရဲ့ နှစ်ခုပဲ ပါတယ် . . . Panel ဆိုတာက အထပ်သားကပ်ပြီးသား 4′ x 6′ size panel၊ 4′ x 4′ size panel စသည်ဖြင့် အချပ်ကြီးပါ။

သူ့မှာ အောက်ခံက သံဖရိန်နဲ့ဖြစ်ပြီးတော့ ဆင့်တွေ တန်းတွေ ပါပြီးသားပါ . . . ဝိတ်လည်း မလေးပါဘူး . . အကြီးဆုံး panel မှ 44 Kg ပဲ ရှိတာပါ . . ‘မ’ ရ၊ သယ်ရလည်း လွယ်တယ် . . . Prop ကတော့ အဲ့ဒီ Panel ချပ်ကြီးတွေကို ထောက်တဲ့ ဒေါက်တိုင်ပါပဲ အမြင့်ဆုံး 3600 mm (၁၂ ပေနီးပါး) ဖြစ်ပြီး အတိုး၊ အလျှော့ ရပါတယ် . . .

ဒီနှစ်ခုထဲနဲ့ Slab တပြင်လုံးခင်းသွားရတာပါ အရမ်းအဆင်ပြေပါတယ် . . . Panel ပြားကြီးကို မ၊ ပြီးရင် အောက်က Prop တိုင်နဲ့ထောက်လိုက်ရင် ပြီးသွားပါပြီ၊ ဘာဆင့်၊ ဘာတန်းမှ မလိုပါဘူး . . အထပ်သားလည်း ထပ်ခင်းစရာမရှိဘူး . . အတော်လေးကို အချိန်ကုန်သက်သာပါတယ် panel ကို နှစ်ယောက်က ချိတ်နဲမပေးထား ပြီးရင် နှစ်ယောက်က အောက်က prop တိုင်ထောက် . .

အလုပ်သမား (၄) ယောက် အဖွဲ့နဲ့တင် formwork ဆင်၊ ဖြုတ် ရနိုင်ပါတယ် . . . လူ (၄) ယောက်တစ်ဖွဲ့နှုန်းနဲ့ လုပ်မယ်ဆိုရင်တောင် တစ်ရက်ကို (500m2) ပြီးပါတယ် . . ပိုမြန်ချင်ရင်တော့ အလုပ်သမား ပိုသုံးပေါ့ . . .

မကြီးမသေး အဆောက်အဦးတစ်ခုဆိုရင် ဒီပုံစံနဲ့ formwork ဆင်ရင် level ညှိပြီး၊ အပြီးအစီး (၂-၃) ရက်အတွင်းပဲ ကြာပါတယ် . . . formwork ဆင်တဲ့အခါမှာ Panel တွေက size အမျိုးမျိုးရှိလို့ အဆောက်အဦးပုံစံပေါ်မှာမူတည်ပြီး ဘယ်နေရာမှာ ဘယ် size ထည့်ရမယ်ဆိုပြီး ကြိုတင် design လုပ်ပြီး design ပုံစံအတိုင်း ခင်းကျင်းစီရပါတယ် . . .

အားသာချက်တစ်ခုက formwork ဖြုတ်တဲ့အခါ ဒေါက်တိုင်တွေ ဖြုတ်၊ အရစ်တွေလျှော့ပြီး ဖြုတ်ရတာမဟုတ်ပဲ တိုင်ရဲ့ အပေါ်နားက lock လေးကို ဖြုတ်လိုက်ရင် Panel ချပ်ကြီးကို ခွာလို့ရတာပါပဲ . . ဒီတော့ ဒေါက်တိုင်က အခြေမပြတ်ဘဲ ဆက်ထောက်ရက်လေးဖြစ်နေမှာပါ . .

သတ်မှတ်ရက်စေ့ပြီး၊ အမြန်လိုချင်လို့ panel ပြားတွေ ဖြုတ်ချင်ရင်တောင် ဒေါက်တိုင်တွေမဖြုတ်ဘဲ ထောက်မထားလို့ရပါတယ် . . . နောက် slab တစ်ခုအတွက် ခင်းမယ်ဆိုရင် ဒေါက်တိုင် အပိုတွေနဲ့ ခင်းသွားလို့ရပါတယ် . . .

ပိုပြီးကောင်းတာက အောက်က Prop တိုင်တွေကို ချုပ်ဖို့ ချုပ်တန်း cross/lateral braces တွေ ထည့်စရာမလိုတာပဲ၊ ထည့်လည်း ဖြစ်ပါတယ် . . ဒီတော့ အောက်ခြေအရမ်းရှင်းနေပြီး ဝင်ထွက်သွားလာရတာလည်း အရမ်းပဲ အဆင်ပြေပါတယ် . . .

စိတ်ရော စိတ်ချရပါ့မလားဆိုရင် စိတ်ချရတယ်လို့ ပြောလို့ရပါတယ် . . . prop တိုင်ရဲ့ အပေါ်က ခေါင်းနေရာမှာ panel ကို ချုပ်ထားတဲ့ ပုံစံက အပေါ်၊ အောက်၊ ရှေ့၊ နောက်၊ ဘေးဘယ် ညာ direction (၆) ခု စလုံးကို မရွေ့အောင် ချုပ်ထားတဲ့ပုံစံပါ . . ပြုတ်ကျဖို့ မလွယ်ပါဘူး၊ နေရာလည်း မရွေ့ပါဘူး . . . အပေါ်က ခင်းမယ့် concrete slab 300 mm ( ၁၂ လက်မ) ထု အထိ ခံနိုင်ပါတယ် . . .

Prop တိုင်ကလည်း GI Pipe အထူနဲ့ပါ . . Panel တွေကလည်း အကြိမ်ကြိမ် ပြန်သုံးတာ အကြိမ် (၅၀) အနည်းဆုံး ခံနိုင်တယ်လို့ သိရပါတယ် . . Panel မှာ ကပ်တဲ့ အထပ်သားကတော့ ရိုးရိုး Ply မဟုတ်ဘဲ ဝါးကိုမျှင်ပြီး ပေါင်းထားတဲ့အသားပါ ပြီးတော့ အပေါ်က coating တင်ထားတော့ ရေမစိမ့်ဘဲ အနည်းဆုံး (၄၀) ကြိမ်လောက် အသုံးခံပါတယ် သာမန်အထပ်သားတွေနဲ့စာရင် အတော်ကြီးကို ပိုတောင့်ပါတယ် . .

အထပ်သား ပျက်စီးသွားရင်လည်း ပြန်လဲပြီး ကပ်လို့ရပါတယ် . . . သူရဲ့ အားသာချက်တွေကတော့ အတော်များပါတယ် . . . ကုန်ကျစရိတ်လည်း မများပါဘူး . . . တစ်ခါပဲ ကုန်ထားပြီး အကြိမ်ကြိမ် သုံးရုံပါပဲ . . . . .

– – – – – –

ခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ သုံးလာတဲ့ Beam ပုံစံမပါတဲ့ Flat Slab တွေ၊ Post-Tension slab တွေအတွက်ကတော့ လုံးဝ အဆင်ပြေတဲ့ formwork ပါ . . . Beam တွေ တော်တော်များများပါတဲ့ သာမန် အဆောက်အဦးတွေအတွက်ကတော့ သိပ်မဆင်မပြေလှပါဘူး . .

Beam အရေအတွက် နည်းရင်တော့ ရပါတယ် . . သူ့ပုံစံက Flat Slab အတွက်သာ အဓိက ရည်ရွယ်ပါတယ် . . . ဒီ Formwork ကို Shandong Prima လို့ခေါ်တဲ့ တရုတ် formwork ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားပြီး သူတို့ formwork ကို “GREEN FORMWORK” လို့ နာမည်ပေးထားပါတယ် . . .

မြန်မာနိုင်ငံမှာ စတင် အသုံးပြုနေပါတယ် . . အဆင်လည်း ပြေပါတယ် . . . Flat Slab အတွက် Formwork ဆိုရင် Panel-Prop System Formwork ကိုလည်း အသုံးပြုနိုင်ပါကြောင်း မျှဝေအပ်ပါတယ် . . . . .

– – – – – – – – – – – –

ဓာတ်ပုံတွေကတော့ Panel-Prop System Formwork ကို လက်ရှိအသုံးပြုနေတဲ့ ရန်ကုန်မြို့က အဆောက်အဦးတစ်ခုမှ ပုံများဖြစ်ပါတယ်။

– – – – – – – – – – – – – – – –

– – – – – – – – – – – – – – – –